ကရင်နီအပစ်ရပ် ခေါင်းဆောင်များ လုံခြုံရေးအတွက် အင်အားစုမည်

ကရင်နီ အပစ်ခတ်ရပ်စဲရေးအဖွဲ့ ခေါင်းဆောင်တို့၏ လုံခြုံရေးသည် စိုးရိမ်ရသည့် အခြေနေတွင် ရှိနေသည်ဟု ဆိုပြီး ၄င်းတို့ကို ကရင်နီပြည် လွိုင်ကော်မြို့တွင် စုစည်း နေထိုင်ခိုင်းပြီး လုံခြုံရေးတာဝန်ကို စစ်တပ်မှ ကာကွယ် ပေးမည်ဟု

အပစ်ရပ်အဖွဲ့ဝင်တဦးက ထုတ်ဖော်ပြောကြားချက်အရ သိရပါသည်။
ကရင်နီ အပစ်ရပ်အဖွဲ့ထဲမှ အင်အားအများဆုံးဖြစ်သည့် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့သည် ပြီးခဲသည့် မတ်လလောက်တွင် နယ်ခြားစောင့်တပ်အဖြစ် လက်ခံလိုက်ပြီးသည့် နောက်ပိုင်းတွင် အပစ်ရပ်ခေါင်းဆောင်များ၏ လုံခြုံရေး စိုးရိမ်စရာ ဖြစ်နေသည့် သတင်းများ ထွက်ပေါ်လာပါသည်။

ကရင်နီ အပစ်ရပ်အဖွဲ့ဝင်တဦးက “ လက်နက်ကိုင်အဖွဲ့ရဲ့ လူကြီးတိုင်းကို လွိုင်ကော်မှာနေဖို့နဲ့ လုံခြုံရေးကို ကာကွယ်ပေးမယ်လို့ ပြောနေတယ်။ အဓိက ကေအဲန်ပီပီကိုရော ကြောက်တာနဲ့ စစ်တပ်ကိုလည်း မယုံတာ ဖြစ်နေတယ်” ဟုပြောပါသည်။

အပစ်ရပ်ခေါင်းဆောင်ပိုင်းများ နေထိုင်းဖို့ရန်အတွက် လွိုင်ကော်မြို့အပြင် မြန်မာပြည်အထက်ပိုင်းဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းဒေသများမှာလည်း အိမ်များ ဆောက်ခိုင်းပြီး နေထိုင်ခွင့်ပေးထားပါသည်။

ကရင်နီပြည်ရှိ လက်နက်ကိုင်အပစ်ရပ်အဖွဲ့များ အနေဖြင့် စစ်အစိုးရကို ပြန်လည် တိုက်ခိုက်မှုများ မပြုလုပ်နိုင်ရန် အတွက် ယခုလို အပစ်ရပ်ခေါင်းဆောင်များ၏ ငယ်သား များနှင့် တကွဲတပြားစီ ရှိရန် စစ်တပ်က လုံခြုံရေးကို အကြောင်းပြပြီး ဖန်တီးနေခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဌ ခူထဲဘူးဖဲက ပြောပါသည်။

“ရှင်းရှင်းပြောရရင် ကရင်နီပြည်မှာ ထွန်းကျော်(ကလလတခေါင်းဆောင်)ကို ရန်ကုန်မှာသွားထားလိုက်မယ်ဆိုရင် လွိုင်ကော်မှာ ကျန်နေတဲ့ သူ့တပြည့်တွေ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး၊ ဒါကြောင့် သူတို့ရဲ့ အဖွဲ့အစည်းဟာ အလိုလိုနဲ့ပျက်သွားမယ်” ဟုပြောသွားပါသည်။

ကလလတအပါအဝင် စစ်အစိုးရနှင့် အပစ်ရပ်ယူထားသည့် အဖွဲ့များမှာ ကရင်နီ အမျိုးသားဒီမိုကရက်ပါတီ (ကေအဲန်ဒီပီ) ၊ ကရင်နီသွေးစည်း ညီညွတ်ရေးအဖွဲ့ (ကေအဲန်အက်စ်အို)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ-ဟိုယာအဖွဲ)နှင့် ကယန်းပြည်သစ်ပါတီ( အေအဲန်အယ်လ်ပီ)အဖွဲ့များ ဖြစ်ပါသည်။

ဆက်ဖတ်ရန်...