ဗမာပြည်လွတ်လပ်ရေးမရခင် တိုင်းရင်းသားများရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါခဲ့ပါတယ်။ တိုင်းရင်းသား ပြည်နယ်ခုနှစ်ပြည်နယ်ဟာ ဗမာပြည်နဲ့ မပူးပေါင်းခင်တုန်းက ကိုယ့်ထီးကိုယ့်နန်းဖြင့် အုပ်ချုပ်လာခဲ့ကြပါတယ်။ ဗမာပြည်
အင်္ဂလိပ်ကိုလိုနီလက်အောက်ခံ ကျရောက်ချိန် ကရင်နီ ပြည်နယ်ဟာ ဗမာပြည်နှင့်လည်းမပူးပေါင်း၊ အင်္ဂလိပ်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်မရှိခဲ့ပဲ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ပြည်နယ်အဖြစ် သိသိသာသာရပ်တည်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်နောက်ပိုင်း ဗမာပြည်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်၊ ဂျပန် စစ်ပွဲများအတွင်း မတရားညှင်းပမ်း နိမ့်စက်မှုအောက်မှ ရုန်းထွက်ကြဖို့ တိုင်းရင်းသားများရဲ့မျှော်မှန်းချက်နဲ့ ယုံကြည်ချက်ကြောင့် အဖက်ဖက်ကနေ ရန်သူကို တိုက်ခိုက်ချေမှုန်း ခဲ့ကြပါတယ်။
အဲဒီအချိန်တုန်းကလည်း ဗမာပြည်လွတ်လပ်ရေး ရရှိဖို့ဆိုတာ မလွယ်ကူ ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအားလုံးအုပ်ချုပ်နေတဲ့ ပြည်နယ်တိုင်း ဗမာပြည်နဲ့ပူးပေါင်းမှ British က လွတ်လပ်ရေးပေးမှာ ဖြစ်ပါတယ်။ အဲတော့ တစ်မျိုးတဖုံဖြစ်နေတဲ့ တိုင်းရင်းသားပြည်နယ် တွေကို ပြည်ထောင်စုကြီးတစ်ခုတည်းဖြစ်သွားအောင် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားပြည်နယ် အသီးသီးတွေကိုသွားပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒကိုရယူဖို့ စည်းရုံးရေးများဆင်းခဲ့ပါတယ်။
၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရှမ်းပြည်နယ်ပင်လုံမြို့မှာ သဘောတူညီစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ ပင်လုံစာချုပ် အရေးနဲ့ပါတ်သက်ပြီး တစ်ချို့တိုင်းရင်းသား ခေါင်းဆောင်အချင်းချင်းကြား သဘောထားကွဲလွဲမှုတွေလည်း ရှိခဲ့ကြပါတယ်။ အဓိက သဘောထားကွဲလွဲတဲ့ကိစ္စကတော့ အမြင်မတူကြသည့်အပြင် မဟာဗမာလူမျိုးကြီး တွေကို မယုံကြည်တဲ့အတွက်ကြောင့်ပါပဲ။ ထို့အပြင် ဗမာပြည်နဲ့ပေါင်းစည်းဖို့ သဘောထားတင်းမာနေတဲ့ တိုင်းရင်းသားလူနည်းစုတွေကို ဖဆဖလ က စစ်ရေးနည်းနဲ့ တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။ ယခင်လက ဖြစ်ပွားခဲ့တဲ့စစ်အစိုးရနဲ့ ကိုးကန့်အရေးအခင်းတွေလိုပါပဲ။
ဗမာပြည်လွတ်လပ်ရေးရရှိဖို့အတွက် အားကြိုး မာတက် ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှင့် အခြားခေါင်းဆောင်ကြီး ၈ ဦး မာတမာန်သူ သေနတ်သမားများ၏ လက်ချက်ကြောင့် ၁၉၄၇ ခုနှစ် ဂျူလှိုင် ၁၉ ရက်နေ့ အစည်းအဝေးခန်းမမှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံအပြီး မကြာမှီ ၁၉၄၈ ခုနှစ် ဇွန်န၀ါရီလ ၄ ရက်နေ့မှာ ဗမာပြည်ကို British က လွတ်လပ်ရေး ပေးခဲ့ပါတယ်။ ဗမာပြည်ကို British က လွတ်လပ်ရေး ပေးခဲ့သော်ငြားလည်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှု နှင့် လွတ်လပ်ရေး၏ အရသာကို မခံစားရသေးပဲ ပြည်တွင်းစစ်မီး တဟုန်ထိုးပေါ်ပေါက်လာခဲ့ပါတယ်။
ဘာကြောင့် ပြည်တွင်းစစ်မှီးမှောက်ထိုးလာရခြင်းရဲ့ အကြောင်းရင်းက ပင်လိုစာချုပ်မချုပ်ဆိုခင်ကတည်းက တိုင်းရင်းသားတွေဟာ ကိုယ့်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခဲ့ကြပြီးသား၊ အဲတော့ ဗမာပြည်လွတ်လပ်ရေးရရှိဖို့အတွက် တိုင်းရင်းသားပြည်နယ်တွေကို ဗမာပြည်ထဲတွန်းသွင်းဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေ ယုံကြည်ပြီး လက်ခံသဘောတူခဲ့ကြပါတယ်။ သို့သော်လည်းပဲ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည် ခေါင်းဆောင် ၈ ဦး လုပ်ကြံသတ်ဖြတ်ပြီးတဲ့နောက်ပိုင်း တိုင်းရင်းသားလူနည်းစုတွေဟာ အစိုးရ (ဗမာ) ကိုမယုံကြည်တော့ဘူး၊ ဖဆဖလ ကလည်းပင်လုံစာချုပ်ကို အလေးလည်းမထား၊ ဂရုလည်းမစိုက် တော့ဘူး။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေဟာ လက်နက်ပြန်စွဲကိုင်ပြီးတော့ ပကတိအတိုင်း ကိုယ့်ပြည် နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ပြန်လည်တောင်းဆိုကြတယ်။
သို့သော်လည်းပဲ ဖဆဖလ တွင်ဟာ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးကို ညာသာမှုမရှိပဲ တိုင်းရင်းသားပြည်နယ်တွေကို အသီးသီးလွမ်းမိုးအုပ်ချုပ်တဲ့မူကို စွဲကိုင်ထားပြီး ပုန်ကန်သူတွေကို တိုက်ခိုက်ချေမှုန်းသောနည်းဗျူဟာဖြင့် ယနေ့ထိ ကျင့်သုံးနေဆဲပါပဲ။ ထိုနည်းတူ ၂၀၀၈ ခုနစ်ကတည်းက စစ်အစိုးရစိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေသစ်တွေကိုလည်း မတရားအတည်ပြုခဲ့ပြီးပါပြီ။
နိုင်ငံတစ်နိုင်ငံမှာ အစိုးရတပ်မတော်တစ်ခု တည်းပဲရှိရမယ် စစ်အစိုးရက ပြောတယ်မဟုတ်လား။
ဒါကြောင့်မို့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွင် နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အဖြစ် တပ်အသွင်ကူးပြောင်းကုန်မှာဖြစ်တယ်။ နယ်ခြားစောင့်တပ် သဘောတူထားတဲ့ အပစ်ခတ်ရပ်အဖွဲတွင်ရှိသလို ငြင်းဆန်နေတဲ့အဖွဲလည်း ရှိနေပါတယ်။ မူအားဖြင့် သဘောတူထားတဲ့ အပစ်ရပ်အဖွဲ့တစ်ချို့ရှိသော်လည်း အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုတွေလည်း ရှိနေကြပြန် ပါတယ်။ နယ်ခြားစောင့်တပ် တပ်ရင်း ၁ ရင်းလျှင် ၃၂၆ ယောက်ဖြင့် ဖွဲစည်းမှာဖြစ်ပြီး ၎င်း တပ်ရင်း ၁ ရင်းလျှင် စစ်အစိုးရအရာရှိ ၃၅ ယောက် ပါဝင်ရမှာဖြစ်ပါတယ်။
အပစ်ခတ်ရပ်အဖွဲ့တွေကို ဘာကြောင့် စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ထားပြီးတော့ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခိုင်းရတာလဲ ဆိုတာ တချို့က ဝေဖန်သုံးသပ်ကြမှာပါ။ စစ်အစိုးရရဲ့ လှုပ့်ဆော်ချက်ဟာ ကျနော့်ရဲ့အမြင်နည်းနည်းလေး ဝေဖန်သုံးသပ်ချင်ပါတယ်။ စစ်အစိုးရရဲ့ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေအားလုံးပပျောက်သွားအောင် နယ်ခြားစောင့်တပ်အဖြစ် တပ်အသွင်ပြောင်းခိုင်းတာဖြစ်တယ်။ ဒါဟာ စစ်အစိုးရရဲ့နည်းဗျူဟာ တစ်ခုတည်းတော့မဟုတ်ပါဘူး...အများကြီးရှိနိုင်ပါတယ်။ အမှန်တော့ နယ်ခြား စောင့်တပ်ဆိုတာ စစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေရဲ့လုံခြုံရေးအတွက် အိမ်စောင့်ပေးနေသလိုပါပဲ။
စစ်အစိုးရက တိုင်းရင်းသားတပ်တွေအားလုံး တဖြည်းဖြည်းပပျောက်သွားအောင် (သို့) အားနည်းလာအောင် အနုနည်းဖြင့်အကွက်ဆင်နေတာဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံနဲ့ နယ်စပ်အငြင်းပွား ဖြစ်ရင်လည်း နယ်ခြားစောင့်တပ်ခံ တိုင်းရင်းသားတွေပဲ အထိနာမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ်လို့ နယ်ခြားစောင့်တပ် ဖြစ်သွားပြီဆိုပါတော့ တိုင်းရင်းသားတွေဟာ သူတို့ရဲ့တပ်ရင်းအင်အား ထပ်မံတိုးချဲလို့ ရနိုင်မလား၊ မရဘူးလား.. တချိန်ချိန်ကျရင် ကိုယ့်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တောင်းဆိုလို့ရပါ့မလား…တောင်းဆိုဖို့အခွင့်အရေးရှိပါ့မလား..တောင်းဆိုလည်း အစိုးရက ပေးမလား စသည်ဖြင့်ပေါ့လေ။
နယ်ခြားစောင့်တပ် တာဝန်ယူနေတဲ့အခါမှာ ကိုယ့်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရကဘယ်လောက်အတိုင်းအတာတစ်ခုထိ အခွင့်အရေးပေးမလဲ။ ပြည်သူလူထုအတွက် အကျိုးရှိပါ့မလား စသည်ဖြင့် ကြိုမြင်ထားဖို့လိုပါတယ်။ အကယ်၍ စစ်အစိုးရက တိုင်းရင်းသားစီးပွားရေး လုပ်ပိုင်ခွင့် တဖြည်းဖြည်းကန့်သတ်ချုပ်ချယ်လာတော့မယ်ဆိုရင် အဖွဲ့အစည်း ဆက်လက်ရှင်သန်နိုင် တော့မှာမဟုတ်သလို့ ပြည်သူလူထုအတွက် ဆောင်ရွက်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ စစ်အစိုးရရဲ့ ဖဲထုတ်သွေဖယ်မှုကို မရှောင်ကြည်ကြပါဘူး။ တစ်ချို့လက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ့်ပြည်နယ် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ကြတာ သိပ့်မရှိလိုဘူး.. အချင်းချင်းအာဏာလုကြပြီးတော့ ကိုယ်ကျိုးစီးပွားပဲ အာရုံစိုက်လုပ်ကိုင်နေကြပါတယ်။ ကိုယ်ကျိုးစီးပွား ကြောင့် ပြည်သူလူထုပဲ ဒုက္ခရောက်စေပါတယ်။ အမျိုးသားရေးအတွက်မဟုတ်ပဲ မတရားအသေးအမွှား အဖွဲ့အစည်းငယ်တွေ များလာလေလေ ပြည်သူလူထု ဒုက္ခပိုရလေလေပဲ။
တကယ်လို့ နယ်ခြားစောင့်တပ် တိုင်းရင်းသားတွေ သူတို့တပ်သားသစ်မစုဆောင်းတော့ဘူး သို့မဟုတ် စစ်မှူးထမ်းဟောင်းနေရာမှာ လူအသစ်အစားမထိုးနိုင်တဲ့အခါကျရင် တိုင်းရင်းသားတပ်အင်အား တဖြည်းဖြည်းနဲ့ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီချိန် သူတို့နေရာမှာ စစ်အစိုးရပ်တပ်တွေ တဖြည်းဖြည်းအစားထိုးနေရာယူလာမှာ ဖြစ်တဲ့အတွက် နောက်ဆုံး တိုင်းရင်းသားတပ်များတင်မက အဖွဲ့အစည်းပျောက်ကွယ်သွားသည်အထိ ဖြစ်ပေါ်လာနိုင်မယ်လို့ သုံးသပ်မိပါတယ်။
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလမ်းစဉ်သို့ စစ်အစိုးရ မကြာခဏကြွေးကြော် နေတယ်မဟုတ်လား။ ဒါပေမဲ့ လက်ရှိမြန်မာပြည်မှာ ဒီမိုကရေစီ တကယ်လိုအပ်နေ တယ်ဆိုပြီးတော့ သွားအော်တဲ့လူတိုင်း ဖမ်းဆီးပြီးထောင်ချပြန်ပါတယ်။ သူတို့ကိုဖမ်းပြီးတော့ ဘာဖြစ်လို့ ၁၅ နှစ်၊ ၂၀ နှစ်၊ ၃၅ နှစ်၊ ၆၅ နှစ်၊ ၁၀၀ နှစ် ပုဒ်မ၊ နံပါတ်တွေတပ်ပြီးတော့ ငရဲ့ခန်းထဲကို ပို့ဆောင်နေပါသလဲ။ အဲဒါ ဒီမိုကရေစီလမ်းစဉ်လား၊ ငရဲခန်းလား.. ကိုယ့်ပုဆိုးကိုနင်းပြီး ကိုယ့်ဥပဒေကိုချိုးဖောက်၊ ပြည်သူကို မတရားဖမ်းဆီးချုပ်နှောင်နေပါတယ်။
ဘာပဲပြောပြော လုပ်စရာရှိတာဆက်လုပ်ကြ၊ လာမည့် ၂၀၁၀ စစ်အစိုးရရဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီရွေးကောက်ပွဲ့ကျင်းပဖို့ အလွန် အရေးကြီးပါတယ်။ စစ်အစိုးရက ဒီမိုကရေစီအမှန်တကယ်လိုလားမယ်ဆိုရင် ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးတွေကို မဖြစ်မနေ လွတ်ပေးရမယ်။ အကယ်၍ မလွှတ်ပေးဘူးဆိုရင်တော့ ဒါဟာဒီမိုကရေစီနည်းလမ်းမဟုတ်ဘူး၊ ဘာဖြစ်လို့ မလွှတ်ပေးလည်းဆိုတော့ စစ်အစိုးရဗိုလ်ချုပ်တွေ အဓိကသူတို့အာဏာဆက်လက်ထိန်းချူပ်ချင်တယ်။
ဗမာပြည်ပြုပြင်ပြောင်းလဲဖို့ လက်ရှိအာဏာနှစ်ခုကပြိုင်နေပါတယ်။ ပထမတစ်ချက်ကတော့ သိတဲ့အတိုင်း ပြည်သူလူထုတွေ အမြဲတစေ့မျှော်လင့်နေတဲ့ဗမာပြည် ဒီမိုကရေစီလမ်းစဉ် အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ပါပဲ။ နောက်တစ်ချက်က လက်ရှိစစ်ဏာရှင်ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း တကယ်လို့လက်ရှိ စစ်အစိုးရပဲ အာဏာဆက်လက်ဆုပ်ကိုင်ထားမယ်ဆိုရင် ဒီမိုကရေစီအစစ်အမှန်ကျင့်သုံးမှာ မဟုတ်ဘူးလို့ ယုံကြည်မိပါတယ်။
တကယ်လို့သာ စစ်အစိုးရက နောက်ထပ်တက်လာမဲ့ အစိုးရသစ်ကို အာဏာလွဲအပ်ပေး ရင်တော့ ဗမာပြည်ပြုပြင်ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်တယ်။ မည်သို့ပင်ဖြစ်စေ… နောက်ဆုံးအနေနဲ့ အဓိကပြောကြားလိုတာက ဗမာပြည်မှာ မိမိပြည်နယ်အဖြစ် မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုများ အားလုံး တန်းတူအခွင့်အရေးရရှိရေးအတွက် ဇွဲမလျှော့ပဲ ရဲ့ရဲ့ရင့်ရင့်တောင်းဆိုကြပါလို့ တိုက်တွန်းရင်း နှိုး ဆော်အပ်ပါသည်။
0 Comments:
Post a Comment